#အရှုံးထဲကအမြတ်
#ဓမ္မရိပ်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၁၈
၁။
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။ လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။ (ဓမ္မပဒ - ၁)
အရှင်စက္ခုပါလမထေရ်ရဲ့ ဇာတ်လမ်းဟာ မှတ်သားဖွယ်ရာ၊ လိုက်နာကျင့်သုံးစရာတွေနှင့် ပြည့်နေပါတယ်။ စက္ခုပါလမထေရ်နှင့်ပတ်သက်ပြီး မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ ဓမ္မပဒဂါထာတော်ဟာလည်း အလွန်ထင်ရှားလှပါတယ်။
မြတ်ဗုဒ္ဓဟာ သ၀တ္ထိပြည်မှာ သီတင်းသုံးစဉ် အခါက -----။
မဟာပါလသူဌေးဟာ တရားတော်များကို နာကြားပြီး သဒ္ဓါတရားတွေ တိုးပွားလာလို့ ရဟန်းပြုဖို့ စိတ်ထက်သန်လာပါတယ်။ ဒါ့ကြောင့် သူ့ညီ စူဠပါလကို စည်းစိမ်ဥစ္စာတွေ အကုန်စွန့်ပြီး ရဟန်းပြုခဲ့ပါတယ်။ ရဟန်းပြုပြီး ငါးဝါလွန်မြောက်တဲ့အခါ မြတ်ဗုဒ္ဓဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး အဖော်ရဟန်း ခြောက်ဆယ်နှင့်အတူ သာဝတ္ထိမြို့မှ ယူဇနာ (၁၂၀)ကျော်ဝေးတဲ့ ရွာကြီးမှာ သီတင်းသုံးရင်း ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ပါတယ်။
ဝါဆိုတဲ့နေ့မှာတော့ မဟာပါလမထေရ်ဟာ အတူပါလာတာတဲ့ ရဟန်းတော်ခြောက်ဆယ်ကို မမေ့မလျော့နေဖို့ တိုက်တွန်းပြောကြားပါတယ်။ ကိုယ်တိုင်လည်း တစ်ဝါတွင်းလုံး မအိပ်ဘဲ၊ ကျောမခင်းဘဲ မမေ့မလျော့ အားထုတ်ဖို့ အဓိဋ္ဌာန်တော်မူပါတယ်။
ဝါခေါင်လအရောက်မှာတော့ အရှင်မဟာပါလမထေရ်မှာ မျက်စိရောဂါစွဲကပ်လာပါတယ်။ မျက်စိက ကျလာတဲ့ မျက်ရည်တွေဟာ အိုးပေါက်က ကျလာတဲ့ ရေတွေလို တသွင်သွင် ယိုစီးလို့နေပါတယ်။ ဆွမ်းခံရွာက ဆေးဆရာဟာ မထေရ်အတွက် ဆေးဆီကို ချက်ပြီး လှူပါတယ်။ လဲလျောင်းပြီး နှာခေါင်းမှာ လောင်းထည့်ဖို့(နှာနှပ်ဖို့)ကိုလည်း မှာလိုက်ပါတယ်။ ဒါပေမယ့် အရှင်မဟာပါလ ကတော့ သူ့ရဲ့ အဓိဋ္ဌာန်အတိုင်း ထိုင်ရက်ပဲ နှာခေါင်းထဲကို ဆေးဆီကို လောင်းထည့်ပါတယ်။ ဆေးဆရာဟာ အကြိမ်ကြိမ်အခါခါမှာထားပါပေမယ့် မထေရ်ဟာ ထိုင်နေရက်ပဲ ဆေးဆီထည့်ပါတယ်။ နောက်ဆုံးမှာတော့ ဆေးဆရာဟာ စိတ်ပျက်သွားပြီး မထရ်ကို အပြစ်တင်စကားပြောပါတယ်။ ဆေးဆီကိုလည်း ဆက်မလှူတော့ပါဘူး။
ဆေးဆရာရဲ့ အထင်လွဲခံရပေမယ့် မဟာပါလမထေရ်ဟာ စိတ်ပျက်အားလျော့တာ မဖြစ်ပါဘူး။ မမေ့လျော့ဖို့၊ ပိုမိုကြိုးစားဖို့ ကိုယ့်ကိုယ်ကို သတိပေးဆုံးမပြီး ဝိပဿနာတရား ပွားများအားထုတ်တော်မူပါတယ်။ သန်းခေါင်ယံ အချိန်မှာတော့ မျက်စိလည်း ကွဲပျက်၊ ကိလေသာတွေလည်း ကွဲပျက်ပြီး သုက္ခဝိပဿက ရဟန္တာအရှင်မြတ် ဖြစ်တော်မူပါတယ်။ ( ဒီအချိန်ကစပြီး စက္ခုပါလ မထေရ် လို့ အမည်တွင်ပါတယ်။ )
ရဟန္တာဖြစ်ပြီးတဲ့နောက်မှာတော့ အတူသီတင်းသုံးဖော် ရဟန်းတော် ခြောက်ဆယ်ကို လမ်းညွှန်ဆုံးမ သြဝါဒပေးတော်မူခဲ့ပါတယ်။ ရဟန်းတော်ခြောက်ဆယ်ဟာလည်း အရှင်စက္ခုပါလမထေရ်ရဲ့ ဆုံးမလမ်းညွှန်မှုကို လိုက်နာရင်း တရားအားထုတ်လိုက်ကြတာ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ရောက်ခါနီးမှာ ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံတဲ့ ရဟန္တာအရှင်မြတ်ကြီး ခြောက်ဆယ်ဖြစ်တော်မူကြပါတယ်။
( ၂ )
စက္ခုပါလမထရ်ကို ရွာဆေးဆရာက အထင်လွဲခဲ့ပါတယ်။ ဆေးကို အိပ်ပြီး မထည့်ရကောင်းလားဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ ဒီ့အတွက် ဆေးဆရာရဲ့ ကုသိုလ်တွေဟာ ရပ်တန့်ခဲ့ရပါတယ်။ တကယ်ဆိုရင် ကိုယ့်မျက်စိကို မငဲ့ကွက်ဘဲ တရားကိုသာ ကြိုးစားအားထုတ်နေတဲ့ ရဟန်းတော်ပါလားလို့ နှလုံးသွင်းနိုင်ရင် ဆေးဆရာအတွက် ကုသိုလ်တွေ တိုးပွားလိုက်မယ့်ဖြစ်ခြင်း။ ယောနိသော မနသိကာရ - သင့်လျော်မှန်ကန်စွာ နှလုံးသွင်းတတ်ခြင်းဟာ ကုသိုလ်ဖြစ်ဖို့အတွက် အလွန်အရေးကြီးလှပါတယ်။ နှလုံးသွင်းလေးတစ်ချက် မှားလိုက်လို့ နောက်ထပ်ရမယ့် ကုသိုလ်တွေ ဆုံးရှုံးလိုက်ရပြီ။ မထေရ်ဟာ ထိုင်ရက်နှင့်ပဲ ဆေးခပ်နေလို့ မပျောက်နိုင်ဖြစ်နေတာ၊ ငါ့စေတနာ၊ ငါ့ပညာကို အလေးမထားတာ --- စသဖြင့် မသင့်တော်တဲ့ နှလုံးသွင်းကြောင့် ကုသိုလ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ကုသိုလ်တွေ ဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းရင်းက အယောနိသော မနသိကာရ - သင့်လျော်မှန်ကန်အောင် နှလုံးမသွင်းတတ်ခြင်း ကြောင့်ပါပဲ။ တကယ်ဆိုရင် ဆေးလှူပြီးပြီပဲ၊ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ၊ ကိုယ့်ဘက်က ကိုယ်တတ်သမျှ အကောင်းဆုံး လုပ်ပြီးပြီဖြစ်လို့ ကုသိုလ်ရနေပါပြီလေ။
"မှန်မှန်ကန်ကန်စဉ်းစားတာ၊ နှလုံးသွင်းမှုမှန်ကန်တာ၊ လိမ္မာပါးနပ်စွာစဉ်းစားတာ၊ ဒါကို ယောနိသောမနသိကာရ လို့ခေါ်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောနိသောမနသိကာရ မထားတတ်ရင် ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ်မရဘဲ ဖြစ်တတ်တယ်။ " လို့ ပါချုပ်ဆရာတော်ကြီးက ဓမ္မအသိဖြင့်အကျိုးကျိုးနေမည် တရားတော်ထဲမှာ ဟောတော်မူပါတယ်။
ယောနိသောမနသိကာရ မှတစ်ပါး အခြားကျေးဇူးများသော တရားတစ်ခုမျှကိုလည်း ငါဘုရားမြင်တော်မမူ၊
ယောနိသောမနသိကာရရှိသူသည် အကုသိုလ်ကိုပယ်စွန့်၍ ကုသိုလ်ကိုပွားစေ၏။
(ဣတိဝုတ်၊ ပထမသေခသုတ်)
ဆေးဆရာရဲ့ အထင်လွဲမှုဟာ စက္ခုပါလမထေရ်အတွက်တော့ တွန်းအားပေးတဲ့ အခြေအနေဖြစ်သွားပါတယ်။
သူတပါးရဲ့ အထင်လွဲမှုကို သင့်တော်မှန်ကန်တဲ့စိတ်(ယောနိသောမနသိကာရ)နှင့် အသုံးချတတ်တော့ စိတ်ခွန်အားတွေ ပြည့်ပြီး တရားကို ပိုမိုကြိုးစားအားထုတ်ဖြစ်လို့ ရဟန္တာမြန်မြန်ဖြစ်ခဲ့ပါတယ်။ သူတပါးရဲ့ အထင်လွဲတာကိုလည်း အသုံးချတတ်ရင် အမြတ်ထွက်တာပါပဲ။
စိတ်ထားတတ်မှ မြတ်တယ်။ စိတ်ထားတတ်ဖို့ပါ။ ဘယ်အရာပဲဖြစ်ဖြစ် စိတ်မထားတတ်ရင် (သို့မဟုတ်) ယောနိသောမနသိကာရ မရှိဘူးဆိုရင် ကုသိုလ်မရနိုင်ဘူး။ ကုသိုလ်အားလုံးရဲ့ ဖြစ်ပေါ်လာရာ မုခ်ဦးလို့ ပြောရမှာက ယောနိသောမနသိကာရ ပဲ။ "ယေကေစိ ကုသလာဓမ္မာ၊ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ" တဲ့။ အဓိပ္ပါယ်က "ဖြစ်ပေါ်လာတဲ့ ကုသိုလ်မှန်သမျှဟာ ယောနိသောမနသိကာရ" ပေါ်မှာ အခြေခံတယ်လို့ပြောတာ။ ယောနိသောမနသိကာရ ဆိုတာ ဘယ်လိုအာရုံပဲလာလာ (proper attention) wise attention ဆင်ခြင်ဉာဏ်နှင့် နှလုံးသွင်းတတ်တာ၊ ပိုပြီးနားလည်အောင်လို့ပြောရရင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသောမနသိကာရ --- လို့ ပါချုပ်ဆရာတော်ကြီးက ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား ဆိုပြီး ဟောတော်မူပါတယ်။
အဆိုးတစ်ခုက အကောင်းများစွာဖြစ်လာဖို့ အကြောင်းတစ်ချက်လည်း ဖြစ်လာနိုင်ပါသေးတယ်။ စက္ခုပါလမထေရ် မျက်စိကွဲပျက်သွားတာဟာ ကျန်တဲ့သီတင်းသုံးဖော် ရဟန်းတော်ခြောက်ဆယ်အတွက် တွန်းအားပေးသလို ဖြစ်သွားတာပေါ့။ သူတောင် မျက်စိကို ဂရုမစိုက်ဘဲ တရားကိုပဲ ဂရုတစိုက် အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပြီ။ တို့လည်း မမေ့မလျော့ အားထုတ်မှပဲ --- စသဖြင့်ပေါ့။ အဆိုးတွေထဲက အကောင်းတွေလည်း ရနိုင်ပါတယ်။ ယူတတ်မှရ မှာပါ။
( ၃ )
စက္ခုပါလမထေရ်ဟာ ဇေတဝန်ကျောင်းတော်ကို လာရောက်ပြီး မြတ်ဗုဒ္ဓကို ဖူးမြော်ပါတယ်။ တစ်ညမှာတော့ စင်္ကြန်လျောက်ရင်း ပိုးကောင်လေးတွေကို နင်းမိပါတယ်။ စက္ခုပါလမထေရ်အကြောင်း မသိတဲ့ ရဟန်းတချို့က ပိုးကောင်သေလေးတွေကို တွေ့မြင်တဲ့အခါ အပြစ်တင်ပြီး မြတ်ဗုဒ္ဓကို လျှောက်ထားကြပါတယ်။ အဲဒီအခါမှာတော့ မြတ်ဗုဒ္ဓက စက္ခုပါလမထေရ် မျက်စိမမြင်လို့ မသိတဲ့အတွက် နင်းမိတဲ့အကြောင်း၊ ရဟန္တာမှာ သူတပါးကို သေစေလိုတဲ့ စေတနာ မရှိကြောင်း ရှင်းပြတော်မူပါတယ်။ ရဟန်းတော်တွေက " စက္ခုပါလမထေရ်ဟာ ရဟန္တာဖြစ်ဖို့ အကြောင်းတရား ပြည့်စုံပါလျက် ဘာကြောင့် မျက်စိကွယ်ပျက်ရတာပါလဲ? "လို့ မေးတဲ့အခါ အတိတ်ကံကို ပြန်လည်ဟောဖော် ရှင်းပြတော်မူပါတယ်။ အဆုံးမှာတော့ ဒီဂါထာတော်ကို ဟောကြားတော်မူပါတယ်။
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။
ဂါထာတော်ရဲ့ အဓိပ္ပါယ်က -
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။
လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။ (ဓမ္မပဒ - ၁)
၎။
ကံကြမ္မာဆိုးထက် စိတ်ဆိုးက ပိုကြောက်စရာကောင်းပါတယ်။
စိတ်ဆိုးက ကံကြမ္မာဆိုးကို ဖန်တီးလိုက်လို့ပါပဲ။
စက္ခုပါလမထေရ် မျက်စိကွယ်သွားတာဟာ တရားပြင်းပြင်းထန်ထန် အားထုတ်လို့၊ ဆေးကို အိပ်ရက်အနေအထားနှင့် မခပ်လို့ဆိုပြီး ထင်စရာရှိပါတယ်။ ဒါဟာ တစ်စိပ်တစ်ဒေသပဲ မှန်ပါတယ်။ အတိတ်ကံ အကြောင်းတရားကိုပါ ထည့်သွင်းစဉ်းစားပါမှ အပြည့်အဝမှန်မှာပါ။
စက္ခုပါလမထေရ် ဟာ ဆေးဆရာဖြစ်ခဲ့တဲ့ အတိတ်ဘဝတစ်ခုမှာ မျက်စိအားနည်းပြီး စမ်းတဝါးဝါးဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကုသပေးခဲ့ပါတယ်။ အဲ့လူနာက တကယ်လို့ မျက်စိကောင်းခဲ့ရင် ဆေးဖိုးအဖြစ် ဆရာ့ဆီမှာ သားသမီးတွေနှင့်အတူ ကျွန်ခံပါ့မယ် လို့ ကတိပေးခဲ့ပါတယ်။ မျက်စိရောဂါပျောက်လို့ မြင်ရတဲ့ အခါမှာတော့ ကျွန်မခံချင်တဲ့အတွက် မမြင်ရသေးဘူး။ ပိုတောင်ဆိုးလာသေးတယ် ဆိုပြီး လိမ်ညာပါတော့တယ်။ ညာတာကို သိတဲ့ ဆေးဆရာက မျက်စိကွယ်စေတဲ့ ဆေးကိုပေးပြီး ဒီဆေးခပ်ရင် တကယ်ပျောက်မှာပါ ဆိုပြီး ခပ်ခိုင်းလိုက်ပါတယ်။ အဲ့ဆေးခပ်လိုက်တဲ့အတွက် အဲ့ဒီအမျိုးသမီး ဟာ မျက်စိလုံးဝကွယ် သွားပါတော့တယ်။
အကုသိုလ်ကံက ကင်ဆာဆဲလ်လိုပါပဲ။ ကင်ဆာ မရင့်သေးရင် ဆေးသောက်၊ ခွဲစိတ်ဖြတ်တောက်လို့ ပျောက်နိုင်ပါတယ်။ ကင်ဆာရင့်သွားရင်တော့ ဘယ်လိုမှ ကုသလို့ မပျောက်ကင်းနိုင်တော့ပါဘူး။ လျော့ပါးသက်သာ အောင်ပဲ တတ်နိုင်ပါတော့တယ်။ ဆေးဆရာဘဝက အကုသိုလ်ကံအကျိုးပေးခွင့်ဟာ စက္ခုပါလမထေရ်ဘဝမှာ ရင့်ကျက်နေပြီဖြစ်တဲ့အတွက် တားဆီးလို့ရမှာ မဟုတ်တော့ပါဘူး။ တစ်နည်းနည်းနှင့် အကျိုးပေးတော့မှာပါပဲ။ (မရင့်ကျက်သေးရင်တော့ တားဆီးလို့ ရနိုင်ပါသေးတယ်။)
( ၅ )
တကယ်လို့သာ စက္ခုပါလမထေရ်ဟာ ဆေးဆရာဘဝက '' ဒီလူနာဆီက ဆေးဖိုးဝါးခ မရလည်း ကုသိုလ်ဖြစ် ပဲ သဘောထားလိုက်ပါတော့မယ်။" ဒီလို သင့်တော်မှန်ကန်တဲ့နှလုံးသွင်း (ယေနိသောမနသိကာရ) ရှိခဲ့မယ်ဆိုရင်၊ စိတ်ကောင်းထားခဲ့မယ်ဆိုရင် --- ကုသိုလ်အကျိုးဖြစ်တဲ့ ကောင်းကျိုးကိုပဲ ခံစားရမှာပါ။ မျက်လုံးပေါက်ကွဲတာ မဖြစ်တဲ့အပြင် အနည်းဆုံးတော့ မျက်လုံးကြည်လင်လှပတာ၊ မျက်စိကောင်း၊ ကျန်းမာရေးကောင်းတာ စတဲ့ အကျိုးများစွာ ခံစားရမှာပါ။ (မျက်စိခွဲဖို့ ငွေကြေးမတတ်နိုင်သူတွေကို ထောက်ပံ့လှူဒါန်းတဲ့ ပရဟိတအလုပ်ကိုတောင် တကူးတက လုပ်နေကြရတာ မဟုတ်ပါလား)
လူနာအမျိုးသမီး ဆေးဖိုးဝါးခ မပေးချင်လို့ လိမ်ညာတာ သူ့အမှားပါ။ သူ့အပြစ်ပါ။ ခုတော့ ဆေးဆရာဟာ မျက်စိကွယ်ဆေးကို ပေးလိုက်တဲ့အခါမှာတော့ ဆေးဆရာအမှား ဖြစ်သွားပါပြီ၊ ဆေးဆရာအပြစ် ဖြစ်သွားပါပြီ။ သူ့အပြစ် သူခံရမှာ ဖြစ်သလို ကိုယ့်အပြစ်ကိုယ်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါကိုသိရင် သူ့အမှားကို ကိုယ့်အမှား မဖြစ်စေသင့်တော့ပါဘူး။
တစ်ခါတစ်လေမှာ ကိုယ့်ဆီက ပိုက်ဆံ၊ ပစ္စည်း ချေးငှားယူပြီး ပြန်မပေးတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲလိုသာ ကြုံရင် ပြန်တောင်းလို့မှ မရနိုင်တဲ့အခါ လှူလိုက်တယ် လို့သာ သဘောထားပြောင်းကြည့်လိုက်ပါ။ သင့်တော့်မှန်ကန်တဲ့ နှလုံးသွင်း(ယောနိသောမနသိကာရ)ကြောင့် အကုသိုလ်မဖြစ်တော့ဘဲ ကုသိုလ်တောင် ရပါသေးတယ်။ ပိုက်ဆံလည်းကုန်သေး၊ အကုသိုလ်လည်းဖြစ်သေးဆိုရင် ဘယ်လိုမှ မတန်ပါဘူး။ ကုန်တာခြင်းအတူတူ ကုသိုလ်ဖြစ်ပါစေ။ အနည်းဆုံးတော့ လှူလိုက်တယ်လို့ သဘောထားလိုက်ရင် စိတ်ပေါ့ပါးသွားပါတယ်။ စိတ်လွတ်လပ်သွားပါတယ်။ စိတ်ကြည်သွားပါတယ်။ ဒါဟာ ကုသိုလ်စိတ်ရဲ့ ခုချက်ချင်းရတဲ့ လက်ငင်းအကျိုးပါပဲ။ လှူဒါန်းပေးကမ်းခြင်း ဒါနပါရမီ နှင့်အတူ သည်းခံခွင့်လွှတ်ခြင်း ခန္တီပါရမီ၊ မေတ္တာထားခြင်း မေတ္တာပါရမီ တို့ကိုပါ ဖြည့်ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ သူမှားရင်လည်း ကိုယ်က မှန်နေမှပါ။ သူ့ဆီက မျှော်နေစရာ မလိုပါဘူး။ အချိန်တန်တဲ့အခါ ကိုယ့်ကုသိုလ်ဟာ ကိုယ့်ကို ကောင်းကျိုးပြန်ပေးမှာ ဖြစ်လို့ပါပဲ။
သူ့ကို ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်လည်း လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။ သူ့အပေါ် သည်းခံမေတ္တာထားလိုက်တာဟာ ကိုယ့်ရဲ့ စွမ်းအင်တွေကို မြှင့်တင်လိုက်တာပါပဲ။ သူ့ကို လှူလိုက်တာဟာ ကိုယ့်ရဲ့ လောဘစိတ်ကို အနိုင်ယူပြီး အလောဘမျိုးစေ့ကို မွေးမြူလိုက်တာပါပဲ။ ကုသိုလ်ဖြစ်အောင် တွေးတတ်ပါစေ။
"တကယ်တော့ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကို အောင်မြင်ခြင်းဟာ အမြတ်ဆုံးပါပဲ။" (ဓမ္မပဒ- ၁၀၃၊၁၀၄၊၁၀၅)
ဘယ်လိုမှ ပြောင်းလဲလို့ မရတော့တဲ့ အခြေအနေတစ်ခုမှာတောင် အဲဒီအခြေအနေအပေါ် ထားရှိတဲ့ ကိုယ့်စိတ်၊ ကိုယ့်သဘောထားကိုတော့ ပြောင်းလဲခွင့် ရှိပါသေးတယ်။ ဒီအခြေအနေမှာပဲ ကောင်းတဲ့စိတ်ထားမလား? ဆိုးတဲ့စိတ် ထားမလား? ဆုံးဖြတ်ပိုင်ခွင့်ရှိနေပါသေးတယ်။ မြတ်ဗုဒ္ဓသာသနာတော်မှာ စိတ်ထားကောင်းနည်း၊ စိတ်ကောင်းထားနည်း၊ သင့်တော်မှန်ကန်တဲ့ နှလုံးသွင်းနည်းတွေ ပြည့်ပြည့်စုံစုံရှိနေပါတယ်။
ဆုံးရှုံမှုတွေ ဘယ်လောက်ပဲရှိရှိ အရှုံးထဲက အမြတ်ထုတ်ယူနည်းတွေ၊ အမှိုက်ကနေ ရွှေထုတ်ယူနည်းတွေ မြတ်ဗုဒ္ဓသာသနာတော်မှာ ရှိပါတယ်။ သဒ္ဓါ+ပညာ၊ သတိ + မေတ္တာ တွေဟာ အမှိုက်ကို ရွှေဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့ conventer တွေပါပဲ။ စိတ်ကောင်း၊ ဉာဏ်ကောင်း ဆိုတဲ့ အရင်းအနှီးသာရှိရင် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသွားပါပြီ။ မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကအဖြစ်ခံယူထားရင်တော့ အဲဒီ အခွင့်အရေးတွေကို လက်မလွှတ်သင့်ပါဘူးနော်။
#အရှင်ဉာဏဝရ (ပါရမီ)
ညွှန်း -
၁။ ဓမ္မပဒပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ ဣတိဝုတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၃။ ဓမ္မပဒဝတ္ထုတော်ကြီး - အရှင်ဓမ္မဿာမီဘိဝံသ
၎။ ဓမ္မပဒ - မာဏဝ
၅။ သရုပ်ပြ ဓမ္မပဒ - ဒေါ်ဝိဇ္ဇေသီ
၆။ ဓမ္မပဒပန်းကုံး - အရှင်ကုမာရ
၇။ ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)
#သတ္တမမြောက်ဆောင်းပါးလေးပါ
No comments:
Post a Comment