ကြာသုံးပွင့်မထေရ်
(၁)
လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူချိန် ----။
ပန်းတော်ဆက်တစ်ယောက်ဟာ ရှင်ဘုရင်ကို ဆက်သဖို့ ပန်းတွေ ယူလာပါတယ်။ လမ်းခရီးမှာ ပဒုမုတ္တရမြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းကို ဖူးတွေ့ရပါတယ်။ ကိလေသာမြူအညစ်အတွေးတွေ ကင်းဝေးဖြူစင်လို့ ငြိမ်းအေးတဲ့ ယဉ်ကျေးတဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူတဲ့ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ ကြည်ညိုမြတ်နိုးတဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ "ငါဟာ ဒီပန်းတွေကို မင်းကြီးကို ဆက်သရင် မြို့စား၊ ရွာစား၊ ရွှေငွေဥစ္စာ ဆုတော်လာဘ်တော်တွေ ရမှာပဲ။ ဒါတွေဟာ တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ဘာမှ ထူးခြားတာမဟုတ်ဘူး။ မင်းကြီးကို ပန်းတွေဆက်သမယ့်အစား မြတ်ဗုဒ္ဓကို ပန်းတွေနှင့် ပူဇော်ပြီး ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတဲ့ မြတ်ဆုမွန်ကိုပဲ ယူတော့မယ်။" ဒီလိုတွေးမိပြီး သဒ္ဓါတရားတွေ၊ ကြည်လင်တဲ့စိတ်တွေ များစွာ ဖြစ်ပေါ်လာပါတယ်။ သူယူလာတဲ့ ပန်းတွေထဲက လှပမွန်မြတ်တဲ့ ပဒုမ္မာကြာပန်းနီသုံးပွင့်ကို မြတ်ဗုဒ္ဓဆီကို ပစ်လွှတ်မြှောက်တင်ပြီး အမြတ်တနိုး ပူဇော်လိုက်ပါတယ်။ အဲဒီကြာပန်းနီသုံးပွင့်ဟာ မြတ်ဗုဒ္ဓဘက်ကို မျက်နှာမူပြီး မြတ်ဗုဒ္ဓရဲ့ဦးခေါင်းတော်ထက်မှာ ပျံဝဲတည်နေပါတယ်။ အဲဒါကို မြင်ကြရတဲ့ လူအပေါင်း နတ်အပေါင်းဟာ အံ့သြဝမ်းသာ ချီးကျူးကြွေးကြော်ကြပါတယ်။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ အဲ့ဒီကုသိုလ်ကောင်းမှုကို အခြေပြုပြီး ကုသိုလ်ကောင်းမှုတွေ အဆင့်ဆင့် ဆက်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အဲဒီအချိန်ကစလို့ ကမ္ဘာတစ်သိန်းကာလပတ်လုံး လူချမ်းသာ၊ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပါတယ်။ အပါယ်လေးပါးကို မကျရောက်ခဲ့ရပါဘူး။
အခု ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်မှာတော့ ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူတဲ့ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူ ဖြစ်တော်မူပါတယ်။
အရှင်မြတ်ဟာ ရှေးဘဝတွေက ကျင့်ကြံအားထုတ် ပြုလုပ်ခဲ့ဖူးတဲ့ ပါရမီအကျင့်တွေကို ပုဗ္ဗေနိဝါသအဘိညာဉ်နှင့် ဆင်ခြင်ကြည့်ရှုပြီး အတိတ်ဖြစ်စဉ်ကို ပြန်လည်ဟောကြားတော်မူပါတယ်။
"ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ပဒုမုတ္တရ) မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍
အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။
ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာသုံးပွင့်ကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။ "
တိပဒုမိယတ္ထေရအပဒါန်
(တိပဒုမ = သုံးပွင့်သော ပဒုမ္မာကြာပန်း)
(၂)
မြတ်ဗုဒ္ဓအား ကြာပန်းသုံးပွင့်လှူတာနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်မကျတာလဲ။ ပန်းလှူရုံနှင့် ဘာလို့ ဘဝများစွာ ကောင်းကျိုးချမ်းသာ ခံစားရတာလဲ။
မြတ်ဗုဒ္ဓကို ဖူးမြင်ရခိုက် သဒ္ဓါတရားဖြစ်ခိုက်မှာ မိမိမှာ တခြားလှူစရာမရှိတော့ ရရာပန်းကို လှူလိုက်ပါတယ်။ မြတ်ဗုဒ္ဓက အလှူရှင်စေတနာကို စောင့်ရှောက်သောအားဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် အသုံးချပြတယ်။ အလှူရှင်မှာ ကြည်ညိုသဒ္ဓါအား ကောင်းသထက်ကောင်း၊ ပွားသသည်ထက် ပွားလာပါတယ်။ အဲဒီအလှူကို တစ်သက်လုံး မမေ့တော့ပါဘူး။ မျက်စိထဲမြင်ယောင်နေပါတယ်၊ စိတ်ကူးတိုင်း ပေါ်နေပါတယ်။ သေခါနီးမှာလည်း ဒီအာရုံနှင့် သေတော့ ကောင်းရာသုဂတိသို့ ရောက်သွားရော။ ငါဟာ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ် ချမ်းသာတွေ ဘယ်ကုသိုလ်ကြောင့် ရတာလဲလို့ ပြန်ကြည့်တော့ သူပြုထားတဲ့ကုသိုလ် ပန်းတစ်ပွင့်လှူရတာကို သိမြင်တယ်ဆိုပါတော့။ အနည်းငယ် ပန်းတစ်ပွင့်လေးလှူရတဲ့ ကုသိုလ်ကောင်းမှုကတောင်မှ ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေပေးတယ်ဆိုရင် ဒီထက်ကြီးကျယ်တဲ့ ကုသိုလ်ကောင်းမှုတွေဆိုရင် အဘယ်ဆိုဖွယ်ရာ ရှိပါ့မလဲလို့ စဉ်းစားမိပြီး အဲဒီသုဂတိဘုံမှာ ကုသိုလ်တွေကို ဆက်လက်လုပ်ပါမယ်။ ပန်းတစ်ပွင့်အလှူကနေပြီး သုဂတိဘုံရောက်၊ သုဂတိဘုံမှာ သူတော်ကောင်းတွေနဲ့တွေ့၊ သူတော်ကောင်းတရား နာကြားအားထုတ်ခြင်းစတဲ့ ကုသိုလ်တွေ အဆက်ဆက်ပြုတော့ ကုသိုလ်အားကောင်းသွားပါတယ်။ ကုသိုလ်အကျိုးပေးခိုက် ဆက်ပြီးတော့ ကုသိုလ်ပြုဖို့ အရေးကြီးလှပါတယ်။
ကုသိုလ်တစ်ခုခုနှင့် သုဂတိဘုံ ရောက်သွားသူဟာ ကုသိုလ်တွေဆက်ပြုတော့၊ ကုသိုလ်တွေ ထပ်ပြုတော့ အပါယ်မကျရတော့ဘဲ ဘဝပေါင်းများစွာ လူနတ်စည်းစိမ်ခံစားပြီး ပါရမီပြည့်တဲ့အခါ နိဗ္ဗာန်ရောက်ရပါတယ်။ အခြားကုသိုလ်တွေ အများကြီးဖြစ်ပေမယ့် အရင်းပြုရာ၊ မျိုးစေ့စကျရာ၊ အဓိက အခြေတည်ရာ ကုသိုလ်ကျေးဇူးက ကြီးမားလွန်းလို့ အဲဒီကုသိုလ် တစ်ခုတည်းကိုပဲ ဖော်ပြတဲ့သဘောပါပဲ။ အဲဒီကုသိုလ်ကို အကြောင်းပြုပြီး နောက်ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို ဖော်မပြတော့ပါဘူး။
နောက်တစ်ခုက ကုသိုလ်ရှင်ဟာ သူ့အကြောင်းသူ ပြန်ဟောပြောတဲ့အခါ သူအနှစ်သက်ဆုံး၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုကိုပဲ ပြောပြတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - တိပဒုမိယမထေရ်ဆိုရင် ကျန်တဲ့ကုသိုလ်တွေ ရှိပေမယ့် ကြာပန်းသုံးပွင့်လှူတာကိုပဲ ပြန်ပြောပြခဲ့ပါတယ်။
ဒါကြောင့် တို့တတွေမှာလည်း အနှစ်သက်၊ အမြတ်နိုးဆုံး၊ အမှတ်တရအဖြစ်ဆုံး ကုသိုလ်တစ်ခုခု ရှိထားသင့်ပါတယ်။ အဲဒီကုသိုလ်ကိုလည်း ထပ်ကာထပ်ကာ သတိရပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။
(၃)
ပထမရွှေကျင်ဆရာတော်ကြီးပူဇော်ထားတဲ့ ဝိစိတြဝန္ဒနာဘုရားရှိခိုး ဂါထာအမှတ်(၄၅)မှာပါတာကတော့ -
ဧကေနာပိ ဝါ ပုပ္ဖေန၊ အမဟဂ္ဃေန ကေန ဝါ၊
ဧကဝါရမ္ပိ ပူဇေန္တော၊ သုခိတောဝ ဘဝါဘဝေ၊
ဧဒိံဇာနံ ဘိသမ္ဗုဒ္ဓံ၊ ကော သက္ကာ န ပူဇေတဝေ။
ရွှေဘုန်းတော်ရှင် - အရှင်မြတ်ဘုရားကို၊
အဖိုးများစွာ မထိုက်တန်သော ပန်းတစ်ပွင့်ဖြင့်လည်းကောင်း၊ ရေတစ်လုံးဖြင့်လည်းကောင်း၊ တစ်ကြိမ်မျှသော်လည်း ပူဇော်မိသူသည်၊ ဘဝများစွာ၌ အလွန်တရာ ချမ်းသာခြင်းသို့ ရောက်သည်သာလျှင်တည်း။
ဤသို့သောသဘာကို၊ ကျိုးကြောင်းထင်ထင် ဟုတ်တိုင်းသိမြင်သည်ရှိသော်
သမ္ဗုဒ္ဓသခင် ကိုယ်တော်အရှင်မြတ်ဘုရားကို
အဘယ်သူသည် မပူဇော်ဘဲနေခြင်းငှာ တတ်ကောင်းပါတော့အံ့နည်း။ တဲ့။
ဓမ္မဒူတဆရာတော်ကြီးအရှင်ပညာဇောတ ရဲ့ အောက်ပါ လင်္ကာလေးကလည်း မှတ်သားဖွယ်ရာကောင်းလှပါတယ်-
ကုသိုလ်တစ်ပါး အကျိုးများ ယုံမှားမရှိရာ။ မျိုးစေ့တစ်မှ ပင်များစွ ပေါက်ရပုံပမာ။
မျိုးမှန်ကန်က ပင်သန်ရ ရကြသီးများစွာ။ မျိုးစေ့မမှန် ပင်မသန် သီးနှံမအောင်ရာ။
(၄)
တချို့က ကုသိုလ်အကျိုးပေးကောင်းခိုက် ဇိမ်ခံနေပြီး ကုသိုလ်ဆက်မပြုပါဘူး၊ မပြုတော့ အဲဒီကုသိုလ် အားနည်းလာခိုက်မှာ အကုသိုလ်အကျိုးပေးခွင့် ရသွားနိုင်ပါတယ်။ အကုသိုလ်အကျိုးပေးခွင့် ရသွားရင်လည်း ကုသိုလ်ဘက် ပြန်လည်ဖို့ မလွယ်တော့ပါဘူး။ အကုသိုလ်ကံကြောင့် တိရိစ္ဆာန်ဖြစ်သွားတဲ့အခါ နိုင်ရာစားဘဝမှာ ကုသိုလ်တွေ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ငရဲကျသွားသူဟာလည်း အဲဒီအကုသိုလ်ကံ ကုန်လို့ ငရဲကလွတ်ပြီး လူဖြစ်တဲ့အခါမှာလည်း ကုသိုလ်လုပ်ဖို့ မလွယ်ကူတဲ့ ဘဝအခြေအနမျိုး ဖြစ်နေတတ်ပြန်ပါတယ်။
မရှိလို့ မလှူ၊ မလှူလို့မရှိ။ အူမ မတောင့်တော့ သီလမစောင့်နိုင်၊ သီလမစောင့်တော့ အူမ မတောင့်နိုင်၊ ဘာဝနာလည်း မပွားနိုင်။ ဒါန၊ သီလ လည်း မရှိတော့ အပါယ်ထပ်ကျပြန်ရော။ အပါယ်က လွတ်လို့ လူပြန်ဖြစ်တော့လည်း ကုသိုလ်လုပ်ဖို့ ခက်နေပြန်ရော။ ဒီလိုနှင့် အကုသိုလ်တွေပဲ ဆက်လုပ်မိပြီး အကုသိုလ်စက်ဝန်းကြီး လည်ပတ်နေပါတော့တယ်။
မကောင်းမှုအကုသိုလ်ကို (တစ်ကြိမ်တစ်ခါ မလိမ္မာလို့) ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၇)
အကုသိုလ်စက်ဝန်းကြီးကို ရပ်တန့်ချင်ရင်တော့ မရှိလည်း လှူပါ။ တတ်စွမ်းသမျှပေါ့။ လူ့ဘဝမှာ လှူချင်စိတ်ရှိရင်၊ လှူတတ်ရင် ပိုက်ဆံမရှိလည်း လှူလို့ရပါတယ်။ အဓိကကတော့ သဒ္ဓါ၊ သတိနှင့် မေတ္တာရှိနေရင် လှူတတ်လာပါတယ်။ လှူရင်းနှင့် ရှိလာပါလိမ့်မယ်။ လှူလို့ရှိ၊ ရှိလို့လှူ ဒီလို ကုသိုလ်စက်ဝန်းကြီး လည်ပတ်အောင်လုပ်ရပါမယ်။ သီလအနေနှင့်လည်း အူမ မတောင့်လည်း သီလအရင်စောင့်လိုက်ပါ။ သီလစောင့်ရင်းနှင့်ပဲ အချိန်ကြာလာတဲ့အခါ၊ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးတဲ့အခါ အူမ တောင့်လာပါလိမ့်မယ်။ ဟုတ်ပါတယ်။ လူတွေက ကိုယ်ကျင့်သီလ ကောင်းမွန်သူတွေကို လိုက်ရှာနေကြတာပါ။ စိတ်ချလက်ချ ပေါင်းသင်းနိုင်တဲ့သူကို ရှာနေကြတာပါ။ သီလပျက်တဲ့သူတွေ များတဲ့အချိန်မှာ သီလစောင့်သူတွေဟာ ရှားပါးအဖိုးတန်လှပါတယ်။ ကိုယ်ကျင့်သီလ ကောင်းတယ်လို့ ယုံကြည်ရမှု တစ်ခုတည်းနှင့်ပဲ အနည်းဆုံးတော့ ထမင်းမငတ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာ ပါလိမ့်မယ်။
သီလစောင့်လို့ အူမတောင့်၊ အူမတောင့်လို့ သီလစောင့်၊ ရှိလို့လှူ၊ လှူလို့ ရှိ ဆိုတဲ့ ကုသိုလ်စက်ဝန်းကြီး လည်ပတ်နိုင်ပါတော့တယ်။ အစပိုင်း အရှိန်မရသေးခင်တော့ ခက်ခဲပင်ပန်းနေမှာပါပဲ။ နောက်ပိုင်း ကုသိုလ်စက်ဝန်းကို အရှိန်အဟုန်နှင့် လည်ပတ်နိုင်သွားတဲ့အခါ လွယ်ကူသက်သာသွားမှာပါ။
ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်) ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့ ဆန္ဒမွန်ကိုလည်း ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
(ဓမ္မပဒ - ၁၁၈)
(၅)
အလှူဒါနပြုလိုသူများအတွက် လှူစရာတွေက ပေါလှဘိသည်။
၁၂၆၇-ခုနှစ်၊ ပြာသိုလတွင် ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင်မြို့၌ သိမ်သမုတ် ကြွတော်မူ၏။ ထိုစဉ် တောင်ပေါ်မှ ကရင်ကြီး ငါးယောက် ကန်တော့ပွဲ ကိုယ်စီနှင့် လာရောက်ဖူးမြော်ကြသည်။
ဘုန်းတော်ကြီး။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူ ပေါကြရဲ့လား။
ဒကာများ။ ။ မပေါပါ အရှင်ဘုရား။ ဆင်းရဲတဲ့လူတွေပဲ များပါတယ်။
ဘုန်းတော်ကြီး။ ။ ရေမိုးကော ပြည့်စုံကြရဲ့လားကွဲ့။
ဒကာများ။ ။ ပြည့်စုံပါတယ်ဘုရား၊ ရေလည်း အင်မတန်ကောင်းပါတယ်။
ဘုန်းတော်ကြီး။ ။ အိမ်း..ဒါဖြင့် နေရာကျသားပဲ၊ မင်းတို့ဆင်းရဲတဲ့ ကရင်ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရအောင် ဘုရားကို နေ့တိုင်းရေတစ်ခွက် တစ်ခွက်လှူကြ ကြားလား။
ဒကများ။ ။ မှန်ပါ့ အရှင်ဘုရား။
ဘုန်းတော်ကြီး။ ။ ဒါန ဘာခက်သလဲကွယ့်။ ပန်းမပွင်တဲ့အခါမျိုး သစ်ခက်သစ်ညွန့်ကလေးတွေ ချိုးပြီးလှူ၊ ဖယောင်းတိုင် မ၀ယ်နိုင်တဲ့အခါ ကောက်ရိုးတွေစည်းပြီး ဘုရားကို မီးပူဇော်ကြ။ ကဲ...ကဲ ငါးပါးသီလ ယူပြီး ပြန်ကြ။
မကြားစဖူး တရားထူးကို ကြားနာရသဖြင့် ဒကာများ ၀မ်းသာမဆုံး ရှိကြလေ၏။ တန်ခိုးအဘိညာဉ်ဖြင့် လက်တွေ့ သိမြင်တော်မူကြသော သူတော်ကောင်းကြီးများက လူတိုင်း ချမ်းသာစေလိုသော စေတနာဖြင့် မလုပ်တတ်စရာလည်း မရှိရအောင် ညွှန်ပြတော်မူခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်သည် အလွန်ပွင့်လင်း၏။ လိုက်နာကျင့်သုံးရမည့် လမ်းစဉ်ကလည်း လွယ်ကူလွန်းလှသည်။ တစ်နည်းအားဖြင့် ရိုးရိုးရှင်းရှင်းကလေးပင်တည်း။ အရိုးခံကြီးပင်တည်း။ တကယ်ယုံကြည်၍ အဟုတ်လုပ်နိုင်မှုသာ အရေးကြီး၏။
ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော ပန်းတစ်ပွင့်ဖြင့်လည်း နိဗ္ဗာန်ရောက်စေနိုင်၍ နတ်ပြည်လောက်ကိုမူ အသာကလေးပင်တည်း။ (လိပ်ဆူးရွှေပန်းနတ်သမီး စသည်ကို ထောက်ပါ။)
(ဓမ္မစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှ)
(၆)
မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊
ကြီးသော လုံ့လရှိသော၊
သတ္တဝါအားလုံးတို့၏ ချမ်းသာကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ပူဇော်ရသည်ရှိသော်
အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့ (ဟု ဤသို့ ကြံ၏)။
ဤသို့ ကြံပြီး၍ ငါသည် မိမိစိတ်ကို ကြည်လင်စေ၏၊
ထိုအခါ သုံးပွင့်သော ကြာနီပန်းတို့ကို ယူ၍ ကောင်းကင်၌ ပစ်လွှင့်မြှောက်တင်၏။ --- တဲ့။
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းလှူတဲ့အခါ တခြားဆုတွေ မတောင်းပါဘူး။ ငြိမ်းအေးရာ အမြိုက်နိဗ္ဗာန်ကိုပဲ ရည်မှန်းပြီး လှူဒါန်းတာပါ။ ငြိမ်းအေးသူကို ကြည်ညိုလေးစားအားကျလို့ ငြိမ်းအေးရာကိုသာ ရည်မှန်းတာပါ။ ဒါပေမယ့် နတ်ချမ်းသာ၊ လူချမ်းသာ၊ သိကြားမင်းစည်းစိမ်၊ စကြဝတေးမင်းစည်းစိမ် တို့ကို မရည်မှန်းလည်း ခံစားရတာပါပဲ။ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အခါ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်းနိုင်ရင် ကျန်တဲ့ လောကီစည်းစိမ်ချမ်းသာတွေဟာ ဆုမတောင်းလည်း ဘေးထွက်ကောင်းကျိုးအနေနှင့် ပြည့်စုံမှာပါပဲ။ ဥပမာ - ရှင်ဘုရင်ဆုကိုတောင်းသူဟာ ရွာစားမြို့စားဆုကို တောင်းစရာမလိုတဲ့သဘောပါပဲ။
ပန်းတော်ဆက်ဟာ ပန်းသုံးပွင့်လှူတယ်ဆိုပေမယ့် တကယ်တမ်းကတော့ ရှင်ဘုရင်ဆီ ပန်းဆက်သရင် ရရှိမယ့် ရာထူးနှင့် ရွှေငွေဆုလာဘ်ကို စွန့်လွှတ်ပြီး လှူတဲ့သဘောဖြစ်ပါတယ်။ ရာထူးစည်းစိမ်ကို စွန့်လွှတ်ပြီး လှူရဲတဲ့၊ မြတ်ဗုဒ္ဓအပေါ်မှာ ထားရှိတဲ့ သူရဲ့ သဒ္ဓါတရားဟာ အံ့သြချီးကျူးစရာပါ။
ဒီနေရာမှာ ကဗျာဆရာကြီး တဂိုးရေးဖွဲ့တဲ့ "ကြာပန်းအလှူ" ကို အကျဉ်းချုပ်ပြန်ပြောပါရစေ -
နှင်းရိုက်တဲ့အတွက် ကြာပန်းတွေ ကြွေပျက်သွားကြပါတယ်။ ဥယျာဉ်မှူးသုဒဟာ သူ့ရေကန်မှာကျန်ရှိနေတဲ့ တစ်ပွင့်တည်းသော ကြာဖြူပန်းကို ဈေးကောင်းကောင်းနှင့်ရောင်းဖို့ နန်းတော်ဆီလာခဲ့ပါတယ်။ လမ်းမှာ ကုန်သည် တစ်ယောက်နှင့် တွေ့ပါတယ်။ "သိပ်လှတဲ့ ကြာပန်းကြီးပဲ။ မြတ်ဗုဒ္ဓကို ကပ်လှူပူဇော်မယ်။ အဲ့ကြာပန်းရဲ့ တန်ဖိုးပြောပါ"
သုဒက ရွှေဒင်္ဂါးတစ်ပြားတောင်းပါတယ်။
အဲဒီအချိန်မှာ ဘုရင်မင်းမြတ်ဟာ မြတ်ဗုဒ္ဓကို ဖူးမြော်ဖို့ နန်းတော်က ထွက်ခွာလာပါတယ်။ ဘုရင်က ကြာပန်းကို မြင်သွားတဲ့အခါ "မြတ်ဗုဒ္ဓကို ကြာပန်းလှူမယ် ။ ငါဝယ်မယ်။ အဲ့ကြာပန်း ဘယ်လောက်တန်သလဲ။"
သုဒက ပြန်ဖြေပါတယ်။ "ကုန်သည်ဆီ ရွှေဒင်္ဂါးတစ်ပြားနှင့် ရောင်းပြီးပါပြီ အရှင်မင်းကြီး"
"ငါက ရွှေဒင်္ဂါးဆယ်ပြားပေးမယ်။" ဘုရင်က မိန့်ပါတယ်။
"ကျွန်တော်မျိုး ရွှေဒင်္ဂါး အပြားနှစ်ဆယ်ပေးပြီး ဝယ်ပါရစေ" ကုန်သည်က ဆိုပါတယ်။
ဒီလိုနှင့် ကြာပန်းတန်ဖိုး အဆမတန်မြင့်တက်သွားပါတယ်။ ဒီအခါ ဥယျာဉ်မှူး သုဒက တွေးပါတယ်။ "သူတို့ဟာ မြတ်ဗုဒ္ဓကို ကပ်လှူဖို့ရာ ကြာပန်းတန်ဖိုးကို များများပေးဝယ်ကြတယ်။ တကယ်လို့ မြတ်ဗုဒ္ဓဆီကို ငါကိုယ်တိုင်သွားရင် သူ့တို့ပေးတဲ့ တန်ဖိုးထက် ပိုရနိုင်မှာပဲ။"
"ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ ဒီကြာပန်းကို မရောင်းတော့ပါဘူး။" လက်အုပ်ချီတောင်းပန်ရင်း သုဒက ပြောလိုက်ပါတယ်။ ပြီးတော့ မြတ်ဗုဒ္ဓရှိရာဆီ အသားကုန် ပြေးလာခဲ့ပါတော့တယ်။
ကျက်သရေမင်္ဂလာရှိလှတဲ့ မြတ်ဗုဒ္ဓဟာ တည်ကြည်ငြိမ်သက် ငြိမ်းအေးစွာ ထိုင်နေတော်မူပါတယ်။
သုဒဟာ မြတ်ဗုဒ္ဓကို ဖူးမြင်ရတဲ့အခါ အံ့သြလွန်းလို့ ကျောက်ရုပ်လို ရပ်နေမိပါတယ်။ တော်တော်ကြာတဲ့အထိ စကားလည်း မပြောနိုင်၊ လှုပ်လည်း မလှုပ်နိုင်ဖြစ်နေပါတယ်။ ( ဒီလောက် ငြိမ်းချမ်းတဲ့၊ ဒီလို ကျက်သရေရှိတဲ့၊ မေတ္တာကရုဏာပြည့်ဝတဲ့သူကို မမြင်ဖူးသေးဘူးလေ။ )
အဲ့ဒီနောက်မှာတော့ သုဒဟာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရင်းမှာ ဝမ်းလျားမှောက်ရင်း ကြားပန်းကို အမြတ်တနိုး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။
"ချစ်သား၊ လိုတဲ့ဆုတောင်းပါ" မြတ်ဗုဒ္ဓက ပြုံးရင်း မိန့်တော်မူပါတယ်။
အဲဒီအခါ သုဒက အားရဝမ်းသာ လျှောက်ထားတောင်းဆိုလိုက်ပါတယ်။ "တခြား ဘာကိုမျှ မလိုချင်ပါဘုရား။ အရှင်ဘုရားရဲ့ ခြေဖဝါးတော်အောက်က မြူမှုန်တစ်ပွင့်ကိုပဲ ပေးသနားတော်မူပါ ဘုရား"
"lotus offering" by Rabindranath Tagore
(၇)
တိပဒုမိယမထေရ်လောင်းလျာ ပန်းတော်ဆက်ဟာ ပဒုမုတ္တရမြတ်စွာဘုရားကို ကြာပန်းသုံးပွင့် လှူခွင့်ရတာဟာ ရှေးကောင်းမှုရှိလည်းရှိလို့ပါ။ "ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ ရှေးကောင်းမှုကို ဟောကြားစဉ် တစ်သိန်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏ "--- တဲ့ ။ ပန်းတော်ဆက်ရဲ့ ကြားပန်းသုံးပွင့် လှူခွင့်ရတဲ့ ရှေးကောင်းမှုနှင့် ပတ်သက်ပြီး ပဒုမုတ္တရမြတ်စွာဘုရားက တရားဟောတော်မူတဲ့အခါ တရားနာပရိသတ် တစ်သိန်းလောက် သစ္စာလေးပါးကို သိမြင်ကြပါတယ်တဲ့။
တကယ်တော့ တို့တတွေလည်း မြတ်ဗုဒ္ဓကို ပန်းလေးလှူခွင့်ရတာကိုက ကိုယ့်ရဲ့ ကုသိုလ်ကံက ကြီးမားလွန်းလို့ပါ။ ပန်းလှူခွင့်ရတာကို သာမန်လို့ မထင်လိုက်ပါနဲ့။ ဒီလိုပန်းလှူခွင့်ရတယ်ဆိုတာကိုက ရှေးအတိတ်က ကုသိုလ်ကံ၊ ပါရမီတွေ ရှိနေခဲ့လို့ပါပဲ။ ဗုဒ္ဓဆိုတဲ့အသံကို ကမ္ဘာပေါင်းများစွာကြာမှ ကြားရတတ်တာပါ။ ဒါကို သိနားလည်ပြီး ဝမ်းသာပီတိနှင့် ကုသိုလ်ကောင်းမှုတွေ ဆက်လုပ်ဆောင်ကြပါစို့ -
သဒ္ဓါ ဗီဇံ - သဒ္ဓါတရားသည် မျိုးစေ့မည်၏။ (သုတ္တ၊ ကသိဘာရဒွါဇသုတ်)
သဒ္ဓါ ဗန္ဓတိ ပါထေယျံ - လမ်းစာရိက္ခာကို သဒ္ဓါတရားဖြင့် ထုပ်ဖွဲ့၏။ (ဒေဝတာသံယုတ်၊ ပါထေယျသုတ်)
သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ သဒ္ဓါယ တရတိ သြဃံ။
ယောက်ျား၏မြတ်သောဥစ္စာဟူသည် သဒ္ဓါတရားပင်တည်း။ သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နိုင်၏။
(သုတ္တ၊ အာဠာဝကသုတ်)
အရှင်ဉာဏဝရ(ပါရမီ)
စာကိုး
၁။ ထေရာပဒါန်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ သုတ္တနိပါတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၃။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၎။ ထေရအပဒါန်ဝတ္ထုတော်ကြီး - အရှင်ဓမ္မဿာမီဘိဝံသ
၅။ ဝိစိကြဝန္ဒနာဘုရားရှိခိုး - ပထမရွှေကျင်ဆရာတော်ကြီး
၆။ ဗုဒ္ဓဓမ္မပြဿနာများ(၄) - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
၇။ ရတနာသုံးပါးကျေးဇူး - ဓမ္မာစရိယဦးဌေးလှိုင်
၈။ "Lotus offering" by Tagore (မောင်ပေါ်ထွန်း ဘာသာပြန်)
၉။ ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)
အရှင်ဉာဏဝရ (ပါရမီ)
အရှင်ဉာဏဝရ ၊ အောင်သိဒ္ဓိမင်းကျောင်း၊ ကျင်းကြီးရပ်၊ ကျွဲပွဲမြို့၊
ဓမ္မဒူတ မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၁၇ တွင် ဖော်ပြပြီးဖြစ်ပါသည်
No comments:
Post a Comment