Tuesday, February 14, 2017

သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာ

သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာ

၁၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်
ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏။
ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟူ၍ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏၊
မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏။

၁၉၉။ ရဟန်းတို့ ယောက်ျားမြတ်၏ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာတို့သည် ရှိကုန်၏၊ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်ပါးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားတစ်ပါးသော အဖြစ်တို့သည် မရှိကုန်။
အကယ်၍ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာ
လေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော
တိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏၊ ထို
(စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဤ (ရတနာခုနစ်ပါး) တို့ကား အဘယ်နည်း။ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမမြတ်ရတနာ သူဌေးရတနာ ခုနစ်ခုမြောက်သော သားကြီး ရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက်စစ် သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ညှဉ်းဆဲခြင်း သတ်ဖြတ်ခြင်း မရှိဘဲ တရားသဖြင့် အောင်မြင်၍ အုပ်စိုး၏။

အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။

၂ဝဝ။ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်
ရှိကုန်၏၊ အခြားသော အဖြစ် မရှိကုန်၊ အကယ်၍ လူ့ဘောင်၌ နေသော် စကြဝတေးမင်း ဖြစ်၏။ပ။
အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို
ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ရဟန်းတို့ ယောက်ျားမြတ်၏ သုံးဆယ့်နှစ်ပါးသော ထိုယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာ တို့
ဟူသည် အဘယ်တို့နည်း ဟူမူ -

ရဟန်းတို့ ဤလောက၌ ယောက်ျားမြတ်သည် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊
ရဟန်းတို့ ယောက်ျားမြတ်သည် အကြင် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊ ရဟန်းတို့ ဤ
(အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း (၁)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောက်ျားမြတ်၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်
ရှိကုန်သော အကွပ်ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိကုန်၏၊ ရဟန်းတို့ ယောက်ျားမြတ်၏ ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သော
အကွပ် ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော အကြင်စက်ဝန်းတို့သည်
ဖြစ်ပေါ် ကုန်၏။ ရဟန်းတို့ ဤ (စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၂)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောက်ျားမြတ်သည် ရှည်သော ဖနှောင့်ရှိ၏။ပ။ (၃)

ရှည်သွယ်သော လက်ချောင်း ခြေချောင်းရှိ၏။ (၄)

နူးညံ့ နုနယ်သော လက်ဖဝါး ခြေဖဝါးရှိ၏။ (၅)

ကွန်ရက်ပမာ ညီညာသော လက်ချောင်း ခြေချောင်းရှိ၏။ (၆)

ဖမျက်မြင့်သော ခြေရှိ၏။ (၇)

ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်းရှိ၏။ (၈)

မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်၏။ (၉)

အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိ၏။ (၁ဝ)

ရွှေအဆင်းရှိ၏၊ ရွှေနှင့်တူသော (အသား) အရေရှိ၏။ (၁၁)

ချောမွေ့သော အသားအရေရှိ၏၊ အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ
(မငြိကပ်)။ (၁၂)

တစ်ပင်ချင်းပေါက်သော မွေးညင်းရှိ၏၊ မွေးညင်းပေါက်တို့ ၌ တစ်ပင် တစ်ပင်သော မွေးညင်းတို့
သာလျှင် ပေါက်ကုန်၏။ (၁၃)

အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ မျက်စဉ်းညိုအဆင်း ရှိကုန်သော မွေးညင်းတို့သည့်ဖက်
နားတောင်းသဏ္ဌာန် လက်ျာရစ်လည်၍ အထက်သို့ ကော့တက်လျက် ပေါက်ကုန်၏။ (၁၄)

ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅)

အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်ခြင်း ရှိ၏။ (၁၆)

ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိ၏။ (၁၇)

လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုးသော ကျောပြင်ရှိ၏။ (၁၈)

ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိ၏၊ ထို (ယောက်ျားမြတ်)၏ အလံသည် ကိုယ်အရပ်မြင့်သလောက် ကျယ်ပြန့်၏၊ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့်၏။ (၁၉)

ညီညာစွာ လုံးသော လည်ပင်းလည်တိုင် ရှိ၏။ (၂ဝ)

အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြော ရှိ၏။ (၂၁)

ခြင်္သေ့၏ မေးနှင့်တူသော မေးရှိ၏။ (၂၂)

လေးဆယ်သော သွားရှိ၏။ (၂၃)
ညီညွတ်သော သွားရှိ၏။ (၂၄)
မကျဲသော သွားရှိ၏။ (၂၅)
အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ရှိ၏။ (၂၆)

ကြီးမား ရှည်လျား နူးညံ့သော လျှာရှိ၏။ (၂၇)

ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်၏ အသံနှင့်တူသော အသံရှိ၏။ (၂၈)

အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉)

နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်ရှိ၏။ (၃ဝ)

ရဟန်းတို့ ယောက်ျားမြတ်၏ မျက်မှောင်နှစ်ခု အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော
ဖြူစင်သော ဥဏ္ဏလုံမွေးရှင်သည် ပေါက်လျက် ရှိ၏၊ ရဟန်းတို့ ယောက်ျားမြတ်၏ မျက်မှောင်နှစ်ခု
အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော ဖြူစင်သော အကြင်ဥဏ္ဏလုံ မွေးရှင် ပေါက်လျက် ရှိ၏၊
ရဟန်းတို့ ဤ (ဥဏ္ဏလုံမွေးရှင် ပေါက်လျက် ရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၃၁)

ရဟန်းတို့ ဤယောက်ျားမြတ်သည် သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့
ယောက်ျားမြတ်သည် အကြင် သင်းကျစ်ဆင်ထား ဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့ ဤ
(သင်းကျစ် ဆင်ထားဘိ သကဲ့သို့သော ဦးခေါင်းရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၃၂)

ရဟန်းတို့ ယောက်ျားမြတ်၏ ထိုသုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာ
တို့သည် ဤသည်တို့ ပေတည်း။ ယင်း (လက္ခဏာ) တို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။
(ထိုယောက်ျားမြတ်သည်) အကယ်၍ လူ့ဘောင်၌နေသော် တရားစောင့်သော တရားနှင့်အညီ
မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို
အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း
ဖြစ်၏။ပ။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူ
ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ)
အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီး ပြီးသော ဘုရားဖြစ်၏။

ရဟန်းတို့ ယောက်ျားမြတ်၏ ဤသုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတို့ကို သာသနာပ
ရသေ့တို့ သည်လည်း ကျက်မှတ်ထားကုန်၏၊ ထိုသူတို့သည် ဤကံကို ပြုခြင်းကြောင့် ဤလက္ခဏာကို့ရ၏ ဟူ၍ကား မသိကုန်။

ပါထိကဝဂ်၊ လက္ခဏသုတ်ပါဠိတော်မြန်မာပြန်

No comments:

Post a Comment