ရင်ထဲက အရဟံ
အပိုင်း(၃)
ပုံတော်နှင့် ဂုဏ်တော်
ဂုဏ်တော်ပွားတဲ့နေရာမှာ ပုံတော်ထက် ဂုဏ်တော်က အဓိကလို့ ပြောတတ်ကြပါတယ်။ ကျေးဇူးရှင်ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ဘုရားရှင်ရဲ့ပုံတော် သပ္ပာယ်ပုံဟာ ဘဂဝါဂုဏ်တော်မှာပါတဲ့ ''သိရီ''ဘုန်းတော်ပါပဲတဲ့။ ဆရာတော်ဘုရားက တိလောကဝိဇယမင်းကြီးရဲ့ဝတ္ထုကို နမူနာသာဓက ပြထားပါတယ်။
တစ်ခါတုန်းက ဘုရားလောင်းတော်ဟာ တိလောကဝိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိလောကဝိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို စိတ်ကူးနဲ့ပုံဖော်ပြီး ရှိခိုးပါတယ်။ နောက် ...
ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်းများစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့ ဆောက်လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာ တော်တွေ ထိုင်ဖို့ အခင်းတွေ၊ ရေအိုးတွေ၊ အခန်းတွေစသဖြင့် ကျောင်းတစ်ခုမှာလိုအပ်တာတွေ အကုန်ပုံဖော်လိုက်ပါတယ်။
ပြီးမှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ပင့်ပြီး စိတ်ကူးနဲ့ ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ရုံတင်မကပါဘူး၊ တစ်ပါးကို တိစီဝရိတ် သင်္ကန်း(၃) ထည်စီကိုလည်း စိတ်ကူးနဲ့လှူလိုက်ပါသေးတယ်။ ဆွမ်းစားပြီးတဲ့အခါ ကိုယ့်အခန်းကို ကိုယ်ဝင်ပြီးနားစေပါတယ်။ ဈာန်ဝင်စား စေပါတယ်။ ကျောင်းဆောင်ရဲ့ အရပ်(၄)မျက် နှာမှာ ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ ရေကန်ကြီး(၄)ခုကိုလည်း စိတ်ကူးနဲ့ တည်ဆောက်လိုက်ပါတယ်။ ဘေးမှာ ပန်းဥယျာဉ်တွေကိုလည်း စိတ်ကူးနဲ့ ပုံဖော်လိုက်ပါတယ်။ မင်းကြီးရဲ့ ဆွမ်းကျွေးပွဲကိုရောက်လာတဲ့ လူနတ်ဗြဟ္မာ အားလုံးကိုလည်း စိတ်ကူးနဲ့ မိမိပြုတဲ့ကုသိုလ် အဖို့ကို အမျှပေးဝေလိုက်ပါသေးတယ်။
ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း စိတ်ကူးနဲ့ပုံဖော်ပြီး လှူနေလိုက်တာ သက်တမ်းနဲ့အမျှပါပဲ။ တိလောကဝိဇယမင်းကြီး သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါတယ်တဲ့။ ပုံတော်ကို အာရုံပြုပြီး ကောင်းကျိုးရသွားတာပါ။
တိလောကဝိဇယမင်းကြီးရဲ့ဝတ္ထုဟာ တကယ့်မှတ်သားစရာပါပဲ။ စိတ်ကူးနဲ့ ကျောင်းဆောက်၊ စိတ်ကူးနဲ့ ဆွမ်း ကျွေး၊ စိတ်ကူးနဲ့သင်္ကန်းလှူ၊ စိတ်ကူးနဲ့ရေစက်ချ၊ လူနတ်ဗြဟ္မာတွေကိုနေ့တိုင်းအမျှဝေ၊ သေလွန်တဲ့အခါ နတ်ပြည်ရောက် သွားရတာ ဆိုတော့ အားနေတဲ့အခါလေးတွေ မှာတောင် တောင်တွေး မြောက်တွေး တွေးမနေဘဲ တိလောကဝိဇယမင်းကြီးလို စိတ်ကူးနဲ့လှူနေလို့လည်း ရပါတယ်။
ရုပ်ပွားတော်တွေကတော့ မြန်မာပြည်သူတွေအတွက် တကယ့်အားကိုး အားထားရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ပွားတော်ကိုဦးချလိုက်ရရင်ပဲ စိတ်ထဲက ကျေနပ်မှုတစ်ခုခုကို ရသွားကြတာပါ။ ရုပ်ပွားတော်တွေကလည်း အရွယ်အစား မျိုးစုံပါ။ စပါးစေ့အရွယ်သေးသေးလေးကနေပြီး အတောင်(၅ဝ)ကျော်အရွယ် ကြီးကြီးမားမား အထိ ရှိကြပါတယ်။
အဲဒီလို ရုပ်ပွားတော်အသေးအကြီးတွေ ဖူးတွေ့ရတဲ့အခါ ဘဂဝါဂုဏ်တော်မှာပါတဲ့ အဏိမာဘုန်းတော်နဲ့ မဟိမာဘုန်းတော်ကို အာရုံပြုထားရပါမယ်။
အဏိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားရှင်ဟာ အနုမြူမှုန်မျှ အလွန်သေးငယ်အောင် ဖန်ဆင်းပြီး ပရိက္ခရာ ရှစ်ပါးလွယ် မုံညင်းစေ့အတွင်းမှာ စင်္ကြံကြွတော်မူနိုင်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က ဗကဗြဟ္မာကြီး ကို ကိုယ်ရောင်ဖျောက်ပြတဲ့ ဘုန်းတော်မျိုးပါ။
တကယ်လို့ ရုပ်ပွားတော်သေးသေးလေးတွေ ဖူးတွေ့ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ''သြော်... မြတ်စွာဘုရားရှင်ဟာ အနုမြူလောက်ဖန်ဆင်းပြီး မုံညင်းစေ့ထဲမှာတောင် စင်္ကြံကြွနိုင်တယ်'' လို့ ဆင်ခြင်ပြီး ပူဇော်ရပါမယ်။ အဲဒီလိုမှမဟုတ်ဘဲ ''ဟယ်... ဘုရားလေးက သေးသေးလေးပဲ'' ဆိုပြီး လက်အုပ်ချီရုံလောက်ပဲ မလုပ်ရပါဘူး။ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ပူဇော်ရမှာပါ။
ပုံတော်သေးလျှင်၊ အဏိမာပင်၊ တွေးလျှင်ပူဇော်ပါ။
မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်ကို ပကတိအနေအထားထက် ကြီးမား အောင် ဖန်ဆင်းနိုင်တာပါ။
မြတ်စွာဘုရားလက်ထက်တော်က ရာဟုလို့ခေါ်တဲ့ အသူရိန်နတ်မင်းကြီးဟာ ခန္ဓာကိုယ် အလွန်ကြီးမားပါသတဲ့။ အသူရိန်နတ်မင်းကြီးက မြတ်စွာဘုရား ဂုဏ်သတင်းကြားပြီး သိပ်ဖူးချင်နေပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုအတွေးရှိသလဲ ဆိုတော့ ''လူသားဖြစ်တဲ့ဘုရားကို ငါသွားဖူးရင် ငါကငုံ့ပြီး ကြည့်နေရလိမ့်မယ်'' လို့ တွေးထင်ထားတဲ့အတွက် မသွား ဖြစ်ပါဘူး။
မြတ်စွာဘုရားဂုဏ်သတင်း ကြီးမားသထက် ကြီးမားလာတော့ '' အင်း... အဆင်ပြေသလို ဖူးတာပေါ့လေ''ဆိုပြီး မြတ်စွာဘုရားဆီ ရောက်လာ ပါတယ်။ မြတ်စွာဘုရားရှင်က မဟိမာဘုန်းတော်နဲ့ ခန္ဓာကိုယ်ကြီးမားအောင် ဖန်ဆင်းပြီး လဲလျောင်းအဖူးခံတာတောင် အသူရိန်နတ်မင်းကြီးက မော်ဖူးပေမဲ့ မြတ်စွာဘုရားရှင်ရဲ့ အထက်ပိုင်းကို မမြင်နိုင်ပါဘူးတဲ့။
ဒါကြောင့် အတောင်(၅ဝ)ကျော် ရုပ်ပွားတော်ကြီးတွေ ဖူးတွေ့ရတဲ့အခါ မြတ်စွာ ဘုရားရှင်ရဲ့ မဟိမာဘုန်းတော်ကို အာရုံပြုပြီး ''သြော်... မြတ်စွာဘုရားရှင်ဟာ အသူရိန်နတ်မင်းကြီးကို သူ့ခန္ဓာကိုယ်ထက်ကြီးမားအောင် ဖန်ဆင်းပြီး အဖူးခံခဲ့တာပဲ လေ'' လို့ဆင်ခြင်ပြီး ဖူးမြော်ရပါမယ်။
ပုံတော်ကြီးလျှင် မဟိမာပင် တွေးလျှင်ပူဇော်ပါ။
တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ ရုပ်ပွားတော်ဟာ (၁ဝ)လက်မလောက်ပဲ ရှိတယ်ဆိုရင်လည်း ''သြော် မြတ်စွာဘုရားရှင်ဟာ ငါ့အိမ်နဲ့ သပ္ပာယသင့် အောင် ဖန်ဆင်းပြီး သီတင်းသုံးနေတယ်''လို့ ဆင်ခြင်ပြီးပူဇော်ရပါမယ်။
လူတွေရဲ့စိတ်က ခက်တော့ခက်သားပါ။ စပါးစေ့လောက် ရုပ်ပွားတော်လေး ဖူးတွေ့ရတဲ့အခါ လက်အုပ်ချီရုံ၊ ဦးချရုံလောက်ပဲ ဖူးကြပါတယ်။ ဘုရားရုပ်ပွားတော် အကြီးကြီးတွေ့တဲ့အခါမှာတော့ ပုတီးစိပ်၊ ပရိတ်ရွတ်၊ အဓိဋ္ဌာန်ဝင် စသဖြင့် အကြာကြီးဖူးလေ့ရှိကြပါတယ်။ တကယ်တော့ ရုပ်ပွားတော်တွေ ဖူးတွေ့ရတဲ့အခါ ကြီးကြီး၊ ငယ်ငယ် သက်တော် ထင်ရှား မြတ်စွာဘုရားနဲ့ တစ်စိတ်တည်းထားနိုင်အောင် ကြိုးစားရမှာပါ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ အမျိုးသမီးတစ်စု ရွာဦးကျောင်းဆရာတော်ဘုရားကို 'ဘုရားတပည့်တော်တို့ အထက် မြန်မာပြည်ဘုရားဖူး သွားမလို့ပါ''လို့ လျှောက်ပါသတဲ့။ ခရီးဝေးသွားရင် ရွာဦးကျောင်းဆရာတော်ကို လျှောက်သွားကြတာ ရွာရဲ့ဓလေ့တစ်ခုပါ။ ဒီတော့ ဆရာတော်ဘုရားက ''တိုးတိုးပြောကြပါဟာ။ နင်တို့အိမ်မှာရှိတဲ့ဘုရား အားနာ စရာကြီး''လို့ ပြန်မိန့်ပါသတဲ့။
ဆရာတော်ဘုရားစကားက တွေးရင်တွေးသလောက် တာသွားတာပါ။ ဆရာတော်ဘုရားက မြတ်စွာဘုရား ဝိမနဝတ္ထုပါဠိတော်မှာ ဟောထားတဲ့ ဂါထာကို အခြေပြုပြီး မိန့်ပုံရပါတယ်။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊
သမေစိတ္တေ သမံဖလံ။
စေတောပဏိဓိဟေတုဟိ။
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
သက်တော်ထင်ရှား မြတ်စွာဘုရားရယ်၊ ပရိနိဗ္ဗာန်စံသွားတဲ့ မြတ်စွာဘုရားရဲ့ ကိုယ်စားရုပ်ပွားတော်ရယ်ကို တစ်စိတ်တည်းထားနိုင်ရင် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ဂတိအကျိုးကို ရပါတယ်။ အဲဒီလိုစိတ်ထားနိုင်ခြင်းကြောင့် သေလွန်တဲ့အခါ သုဂတိဘဝကို ဧကန်ရောက်ပါလိမ့်မယ်လို့ မြတ်စွာဘုရားဟောပြထားပါတယ်။
ဒီသဘောလေးတွေကို အာရုံပြုပြီး ဘယ်ရုပ်ပွားတော်ပဲဖူးဖူး သက်တော်ထင်ရှား မြတ်စွာဘုရားအထိ အာရုံ ပြုနိုင်အောင် စိတ်ညွှတ်နိုင်ရပါမယ်။ ဒီလောက်ဆို ဂုဏ်တော်ပွားဖို့အတွက် အသင့်ဖြစ်နေလောက်ပါပြီ။
uzinn lay တောကဦးဇင်းလေး
Sunday, February 10, 2013
ရေးသားချိန် 2:15 AM
No comments:
Post a Comment